We have 3397 guests and 0 members online
  • WORD Research this...
    John 1
    • 1  အစဦး၌ နှုတ်တော်ထွက်စကား တည်ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။-
    • 2  ကိုယ်တော်သည် အစဦးကပင် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။-
    • 3  ကိုယ်တော်အားဖြင့် အရာခပ်သိမ်းတို့သည် ဖြစ်ပေါ်လာခဲ့ကြ၏။ ကိုယ်တော်နှင့်ကင်း၍ ဖြစ်လာသောအရာ တစ်စုံတစ်ခု မျှမရှိခဲ့ချေ။-
    • 4  ကိုယ်တော်၌ အသက်တည်ရှိ၍ အသက်သည် လူတို့၏အလင်းဖြစ်၏။-
    • 5  အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။
    • 6  ယောဟန်အမည်ရှိသော လူတစ်ဦးသည် ဘုရားသခင်၏ စေလွှတ်ခြင်းကိုခံရ၏။-
    • 7  သူ့အားဖြင့် လူသားအားလုံး ယုံကြည်လာကြစေရန် သူသည် အလင်းတော်အကြောင်းကို သက်သေခံခြင်းငှာ လာခဲ့၏။-
    • 8  သူသည် အလင်းတော်မဟုတ်၊ အလင်းတော်အကြောင်းကို သက်သေခံရန် လာသောသူသာဖြစ်၏။-
    • 9  လူအပေါင်းတို့အား ဉာဏ်အလင်းပေးသည့် စစ်မှန်သော အလင်းတော်သည်ကား ကမ္ဘာလောကအတွင်းသို့ ကြွလာမည်ဖြစ်၏။
    • 10  ကိုယ်တော်သည် ကမ္ဘာလောကတွင် ရှိတော်မူပြီး ဖြစ်၍ ကမ္ဘာလောကသည် ကိုယ်တော်အားဖြင့် ဖြစ်ပေါ် လာ၏။ သို့သော်လည်း ကမ္ဘာလောကသည် ကိုယ်တော့် ကို မသိချေ။-
    • 11  ကိုယ်တော်သည် မိမိ၏နေရင်းပြည်သို့ ကြွလာတော်မူသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော့်ကို လက်မခံကြ။-
    • 12  သို့ရာတွင် ကိုယ်တော်သည် မိမိကိုလက်ခံကြ၍ မိမိ၏နာမတော်၌ ယုံကြည်ကြသောသူတို့အား ဘုရားသခင်၏ သားသမီးဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။-
    • 13  ထိုသူတို့သည်ကား လူတို့၏သွေးမှမဟုတ်၊ အသွေးအသား အလိုဆန္ဒအားဖြင့်လည်းမဟုတ်၊ လူ၏အလို အားဖြင့်လည်း မဟုတ်ဘဲ ဘုရားသခင်မှ မွေးဖွားလာကြခြင်းဖြစ်၏။
    • 14  နှုတ်တော်ထွက်စကားသည်လည်း လူ့ဇာတိအဖြစ်ကို ယူတော်မူ၍ ငါတို့အလယ်တွင် စံပယ်တော်မူလေ၏။ ငါတို့သည် ကျေးဇူးတော်နှင့် သမ္မာတရားတို့ဖြင့် ပြည့်စုံလျက်ရှိသော ကိုယ်တော်၏ဘုန်းတော်ကို ခမည်းတော်၏ တစ်ပါးတည်းသော သားတော်၏ ဘုန်းတော်အဖြစ် ဖူးမြင်ကြရလေပြီ။
    • 15  ယောဟန်သည် ကိုယ်တော့်ကို သက်သေခံလျက် ကြွေးကြော်သည်မှာ ငါ့နောက်မှ ကြွလာမည့်သူသည် ငါမရှိမီက ရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သောသူသည်ကား ဤသူပင်ဖြစ်သတည်း။-
    • 16  ငါတို့အားလုံးသည် ကိုယ်တော်၏ပြည့်စုံခြင်းမှ ကျေးဇူးတော်တစ်ပါးအပေါ် တစ်ပါးထပ်ဆင့်ခံကြရလေပြီ။-
    • 17  အဘယ်ကြောင့်ဆိုသော် ပညတ်တရားကျမ်းကို မိုးဇက်မှတစ်ဆင့် ပေးခဲ့ခြင်းဖြစ်၏။ ကျေးဇူးတော်နှင့် သမ္မာတရား သည်ကား ယေဇူးခရစ်တော်အားဖြင့် လာသတည်း။-
    • 18  မည်သူမျှ ဘုရားသခင်ကို မမြင်ဖူးကြ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိတော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူ၏။
    • 19  ဂျူးလူမျိုးတို့က သင်သည် မည်သူဖြစ်သနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ဂျေရုဆလင်မြို့မှ ရဟန်းများနှင့် လေဝိမျိုးနွယ်များကို စေလွှတ်ကြသောအခါတွင် ယောဟန်သည် ဤသို့သက်သေခံလေ၏။-
    • 20  ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ငါသည် ခရစ်တော်မဟုတ်ဟု အတိအလင်း ဝန်ခံလေ၏။-
    • 21  ထိုသူတို့ကလည်း ဤသို့ဆိုလျှင် သင်သည် ဧလိယဖြစ်သလောဟု မေးမြန်းကြသော် သူက ငါမဟုတ်ဟု ပြန်ဖြေလေ၏။ သင်သည် ပရောဖက်ဖြစ်သလောဟု မေးကြပြန်လျှင် သူက ငါမဟုတ်ဟု ပြန် ပြောလေ၏။-
    • 22  ထိုအခါ သူတို့က သင်သည် မည်သူဖြစ်သနည်း။ ငါတို့ကို စေလွှတ်သောသူတို့အား ငါတို့ပြောပြနိုင်ရန် သင်မည်သူဖြစ်ကြောင်း သင်ကိုယ်တိုင် ပြောပြပါလော့ ဟုဆိုကြ၏။-
    • 23  ထိုအခါ သူက ငါသည် ပရောဖက် အီဇာယဟောထားခဲ့သည့်အတိုင်း သခင်ဘုရား၏ လမ်းတော်ကို ဖြောင့်တန်းစေကြ လော့ဟူ၍ တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံဖြစ်သတည်းဟု ဆိုလေ၏။
    • 24  ထိုသို့မေးမြန်းရန် စေလွှတ်ခြင်းခံရသောသူတို့တွင် ဖာရီဇေးဦးများလည်း ပါဝင်ကြ၏။-
    • 25  ထိုသူတို့က သင်သည် ခရစ်တော်လည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါလျှင် အဘယ်ကြောင့် ဆေးကြောခြင်းကိုပေးသနည်းဟု မေးကြ၏။-
    • 26  ယောဟန်က သူတို့အား ပြန်ဖြေသည်မှာ ငါသည် ရေဖြင့်ဆေးကြော၏။ သင်တို့အလယ်၌မူကား သင်တို့မသိသောသူတစ်ဦး ရှိ၏။-
    • 27  ထိုသူသည် ငါ့နောက်မှ ကြွလာသူဖြစ်သော်လည်း ငါသည် သူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေပေးခြင်းငှာ မထိုက်တန်ပါ ဟုဆို၏။-
    • 28  ဤအကြောင်းအရာများသည် ယောဟန်ဆေးကြောခြင်းပေးနေသော ဂျော်ဒန်မြစ်တစ် ဖက်ကမ်းရှိ ဘက်သနီရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။
    • 29  နောက်တစ်နေ့တွင် မိမိထံသို့ ယေဇူးကြွလာတော်မူသည်ကိုမြင်လျှင် ယောဟန်က ကြွေးကြော်သည်ကား ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြလော့။ လောကသားတို့၏အပြစ်ကို ချွတ်တော်မူသောအရှင်ကို ကြည့်ကြလော့။-
    • 30  ငါမရှိမီက ရှိနှင့်တော်မူသည်ဖြစ်၍ ငါ့ထက်ပို၍ ကြီးမြတ်သောသူသည် ငါ့နောက်၌ ကြွလာမည်ဟု ငါဆိုခဲ့သောသူသည် ဤသူပင်ဖြစ်သတည်း။-
    • 31  ငါသည် ကိုယ်တော့်ကို မသိခဲ့။ သို့သော်လည်း ကိုယ်တော့်ကို အစ္စရာအဲလ်လူမျိုးတို့အား ထင်ရှားစွာဖော်ပြခြင်းငှာ ငါသည် လာ၍ ရေဖြင့်ဆေးကြောခြင်းဖြစ်သည်ဟု ဆိုလေ၏။-
    • 32  ထို့နောက် ယောဟန်က သက်သေခံသည်ကား ဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန်ဖြင့် ကောင်းကင်မှ ဆင်းသက်၍ သူ့အပေါ်၌ နားနေသည်ကို ငါမြင်ရ၏။-
    • 33  ငါသည် သူ့ကိုသိသည်မဟုတ်။ သို့ရာတွင် ရေဖြင့် ဆေးကြောရန် ငါ့ကိုစေလွှတ်တော်မူသော အရှင်က အကြင်သူ၏အပေါ် ဝိညာဉ်တော်သည် ဆင်းသက်၍ နားနေတော်မူသည်ကို သင်မြင်ရပါက ဤသူသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဆေးကြောသောသူ ဖြစ်သတည်းဟု ငါ့အား မိန့်တော်မူခဲ့၏။-
    • 34  ငါသည်လည်း မြင်ခဲ့ရသောကြောင့် ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို ငါသက်သေခံသည်ဟု ဆိုလေ၏။
    • 35  တစ်ဖန် ယောဟန်သည် နောက်တစ်နေ့၌ မိမိ၏ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေစဉ်၊-
    • 36  ယေဇူးကြွလာတော်မူသည်ကို ကြည့်၍ ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြလော့ဟုဆို၏။-
    • 37  တပည့်နှစ်ယောက်တို့သည်လည်း ယောဟန်၏စကားကိုကြားလျှင် ယေဇူး၏နောက်တော်သို့ လိုက်သွားကြလေ၏။-
    • 38  ယေဇူးသည် လှည့်ကြည့်၍ ထိုသူတို့သည် မိမိနောက်သို့လိုက်လာကြသည်ကိုမြင်သဖြင့် သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်းဟု သူတို့အား မိန့်တော်မူ၏။ ထိုအခါ သူတို့က ရာဘီ၊ (အဓိပ္ပာယ်ကား ဆရာသခင်ဟု ဆိုလိုသည်) ကိုယ်တော်သည် မည်သည့်အရပ်၌ နေတော်မူ သနည်းဟု မေးလျှောက်ကြ၏။-
    • 39  ကိုယ်တော်ကလည်း လာ၍ကြည့်ကြလော့ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည် လာကြ၍ ကိုယ်တော်နေသောနေရာကို ကြည့်ကြပြီးလျှင် ထိုနေ့၌ ကိုယ်တော်နှင့်အတူနေကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် ညနေလေးနာရီခန့်ဖြစ် သောကြောင့်တည်း။
    • 40  ယောဟန်၏စကားကိုကြားရ၍ နောက်တော်သို့ လိုက်ကြသောသူနှစ်ဦးတို့တွင် တစ်ဦးမှာ စီမွန်ပေတရု၏ညီ အန္ဒြေးယ ဖြစ်၏။-
    • 41  သူသည် မိမိ၏အစ်ကို စီမွန်ကို ရှေးဦးစွာတွေ့လျှင် ငါတို့သည် မေဆိယ (အဓိပ္ပာယ်ကား ခရစ်တော်ဟု ဆိုလိုသည်)ကို တွေ့ခဲ့ကြလေပြီ ဟုဆို၏။-
    • 42  သူသည် စီမွန်အား ယေဇူးထံတော်သို့ ခေါ်ဆောင်လာသောအခါ ကိုယ်တော်သည် သူ့ကိုကြည့်တော်မူ၍ သင်သည် ယောန၏သား စီမွန်ဖြစ်၏။ သင်သည် စေဖဟူ၍ခေါ် ခြင်း ခံရလိမ့်မည် (အဓိပ္ပာယ်မှာ ပေတရုဟု ဆိုလိုသည်) ဟု မိန့်တော်မူ၏။
    • 43  နောက်တစ်နေ့တွင် ယေဇူးသည် ဂါလေလေးယ နယ်သို့သွားရန် ဆုံးဖြတ်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ဖိလိပုကိုတွေ့လျှင် ငါ့နောက်သို့ လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
    • 44  ဖိလိပုသည်ကား အန္ဒြေးယနှင့် ပေတရုတို့၏မြို့ဖြစ်သော ဘက်ဇိုင်းဒါမြို့ မှဖြစ်၏။-
    • 45  ဖိလိပုသည် နာသာနာအဲလ်ကိုတွေ့လျှင် ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့တွင် မိုးဇက်ရည်ညွန်းရေးသားခဲ့သော သူဖြစ်သည့် ဂျိုးဇက်၏သား၊ နာဇရက်မြို့သားယေဇူးကို ငါတို့တွေ့ခဲ့ကြပြီဟုဆို၏။-
    • 46  နာသာနာအဲလ်ကလည်း နာဇရက်မြို့မှကောင်းသော အရာတစ်စုံတစ်ခုပေါ် ထွက်လာနိုင်သလောဟု သူ့အားမေးလျှင် ဖိလိပုက လာ၍ကြည့်လော့ဟု ဆိုလေ၏။-
    • 47  ယေဇူးသည် မိမိထံသို့ နာသာနာအဲလ် လာနေသည်ကိုမြင်လျှင် ကောက်ကျစ်စဉ်းလဲခြင်းနှင့်ကင်းသော အစ္စရာအဲလ် အမျိုးသားစင်စစ် ကို ကြည့်ကြလော့ဟု သူ့အား ရည်ညွန်း၍ မိန့်တော်မူ၏။-
    • 48  နာသာနာအဲလ်ကလည်း ကိုယ်တော်သည် အကျွန်ုပ်ကို မည်ကဲ့သို့ သိတော်မူပါသနည်းဟု မေးလျှောက်လျှင် ယေဇူးက သင့်အား ဖိလိပုမခေါ်မီ သင်သည် တည်ပင်အောက်၌ ရှိနေစဉ်ကပင် သင့်ကို ငါမြင်သည်ဟု သူ့အား ပြန်ပြောတော်မူ၏။-
    • 49  နာသာနာအဲလ်က ရာဘီ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်။ ကိုယ်တော်သည် အစ္စရာအဲလ် လူမျိုးတို့၏ဘုရင်လည်း ဖြစ်တော်မူပါသည်ဟု လျှောက်လေ၏။-
    • 50  ယေဇူးကလည်း သင့်ကို တည်ပင်အောက်၌ မြင်ရသည်ဟု သင့်အား ငါပြောသောကြောင့် သင်ယုံကြည်သလော။ ယခု ထက်ပို၍ ကြီးမြတ်သောအရာတို့ကို သင်မြင်ရလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
    • 51  ထို့နောက် ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်ပွင့်နေသည်ကိုလည်းကောင်း၊ လူသား၏အပေါ် ဘုရားသခင်၏ ကောင်းကင်တမန်တော်များ ဆင်းလျက် တက်လျက် ရှိနေကြသည်ကိုလည်းကောင်း သင်တို့မြင်ကြရလိမ့် မည်ဟု သူ့အား မိန့်တော်မူ၏။
  • King James Version (kjv)
  • ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)

    2019-10-23

    Myanmar Burmse (my)

    ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။

    • Encoding: UTF-8
    • Direction: LTR
    • LCSH: Bible.Burmese
    • Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM

    License

    Copyrighted; Permission to distribute granted to CrossWire

    Source (OSIS)

    https://git.crosswire.org/cyrille/myanmar

    history_1.0
    (2019-10-22) Initial release
    history_1.1
    (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
    history_1.2
    (2019-10-23) Fix conf file
    history_1.2.1
    (2022-07-31) conf file: fix typos

Favourite Verse

You should select one of your favourite verses.

This verse in combination with your session key will be used to authenticate you in the future.

This is currently the active session key.

Should you have another session key from a previous session.
You can add it here to load your previous session.

John 1:

Sharing the Word of God with the world.
  • Share Text
    ...
  • Share Link